Website Announcement

uab bank 2025 Calendar
တန်ဖိုးထား ဂုဏ်ယူစရာ မြန်မာ့ လက်မှုအနုပညာ

“အစဉ်အလာများနဲ့. . . မြန်မာ့လက်မှု၊
ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန် နဲ့ ပု
တည်မြဲခြင်း နဲ့ ဂုဏ်ရှိန်ဦးမော့၊
ပွတ်၊ ချီ၊ ယွန်း နဲ့ ပန်းတမော့”

အနုပညာ ဆိုသည် မှာ လူမျိုးတစ်မျိုး ၊ နိုင်ငံတစ်နိုင်ငံ၏ ယဥ်ကျေးမှု အဆင့်အတန်းနှင့် အစဥ်အလာကို ထင်ဟပ်ပြသနိုင်သော ပြယုဂ် တစ်ခုဖြစ်ပါတယ် ။ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်ပြီး အစဥ်အလာကြီးမားတဲ့ လက်မှု အတတ်ပညာပန်းဆယ်မျိုးဟာလည်း မြန်မာ့ အနုပညာထဲမှာ အ‌ထင်ရှားဆုံးဖြစ်ပါတယ်။

မြန်မာ့လက်မှုအတတ်ပညာများကို ဂုဏ်ယူစွာဖော်ကျူးပြသခြင်း

ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း လို့ စာချိုးတင်စားခဲ့ကြတဲ့ ရိုးရာလက်မှုအတတ် ပန်းဆယ်မျိုးကို " ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း " ဆိုပြီး ရာဇောဝါဒကျမ်းတွင် မှတ်သားရလွယ်အောင် ဖွဲ့ဆိုခဲ့ပါတယ် ။ ထို့အပြင် မြန်မာ့ရိုးရာချည်ထိုးပညာဖြစ်တဲ့ ရက်ကန်း၊ ရွှေချည်ထိုး လက်မှုအတတ်တို့ဟာလည်း ရှေးမြန်မာဘုရင်တွေလက်ထက်ကနေစလို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အစဥ်အမြဲ တန်ဖိုးထား လက်ဆင့်ကမ်း ဂုဏ်ယူနေရမယ့် မြန်မာ့ လက်မှုအနုပညာများဖြစ်ပါတယ်။

လူမှုအကျိုးပြုဖို့အတွက် အစဥ်တစိုက် အားထုတ်လျက်ရှိတဲ့ uab bank ဟာ ထူးချွန်လူငယ်တွေ ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို အဓိကထားပြီး ကူညီပံ့ပိုးပေးလျက်ရှိရာ ယခုနှစ် ၂၀၂၅ (မြန်မာသက္ကရာဇ် ၁၃၈၆-၈၇)ပြက္ခဒိန်မှာလည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နဲ့အတူ ပူးပေါင်းပြီး တန်ဖိုးထားဂုဏ်ယူစရာ မြန်မာ့လက်မှုအတတ်ပညာ ၁၂ မျိုးကို ကျောင်းသားကျောင်းသူတွေရဲ့ ပန်းချီလက်ရာတွေနဲ့ ပြန်လည်ဖော်ကျူး ထင်ဟပ်ပြသထားပါတယ်။

uab bank ၂၀၂၅ ပြက္ခဒိန်ဖန်တီးခြင်း ရည်ရွယ်ချက်

uab bank သည် လူမှုအကျိုးပြုဘဏ်ဖြစ်တာနှင့်အညီ လူငယ်၊ အမျိုးသမီးနှင့် ကလေးများကို အဓိကထားပြီး အစဥ်ပံ့ပိုးပေးလျက်ရှိရာ ယခု ၂၀၂၅ ပြက္ခဒိန် ဖန်တီးရာတွင်လည်း မြန်မာ့ လက်မှုပညာ အမွေအနှစ်များကို ပြန်လည်ဂုဏ်ပြုဖော်ကျူးရင်း တက်သစ်စ လူငယ်ပန်းချီပညာရှင်များကို အနာဂတ် လမ်းကြောင်းတစ်ခုဆီသို့ရောက်အောင် တွန်းအားပေး ပံ့ပိုးပေးရန် ရည်ရွယ်လျက် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ့လက်မှု အနုပညာ တွေကို တန်ဖိုးထားထိန်းသိမ်းဖို့နဲ့ လက်ဆင့်ကမ်းနေဖို့ဆိုတာ မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်ပဲ မဟုတ်လား…

ချစ်ခင်မြတ်နိုးလျက်
ဂုဏ်ယူဝံ့ကြွားလျက်
အစဥ်အမြဲ လေးစားတန်ဖိုးထားလျက်…

ဒေါ်ခင်ထက်ဝေ
(ရန်ကုန် အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဒုတိယ ကျောင်းအုပ်၊ ပန်းချီဌာန ကထိက)

uab bank ရဲ့ ၂၀၂၄ ပြက္ခဒိန်ကိုတော့ ကျွန်မတို့က Art is Love ဆိုတဲ့ Concept လေးနဲ့ ပူးပေါင်းလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒီနှစ် uab ၂၀၂၅ ပြက္ခဒိန်ကိုတော့ ပန်းဆယ်မျိုးနဲ့အတူ မြန်မာ့ ရွှေချည်ထိုး၊ မြန်မာ့ရက်ကန်း အနုပညာ ပေါင်းပြီးတော့ ၁၂ လရာသီအတွက် ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။ ဒီ ၁၂ လရာသီမှာ ပါဝင်မယ့် ပန်းချီလက်ရာတွေကို ပထမနှစ်၊ ဒုတိယနှစ်နဲ့ စတုတ္ထနှစ်ကျောင်းသား ၁၂ ဦးနဲ့အတူ ပူးပေါင်းရေးဖွဲ့ခဲ့ပါတယ်။ ကျောင်းသားတွေက သူတို့ရဲ့ရေးဖွဲ့ဟန်အသီးသီးနဲ့ ရေးဖွဲ့ထားတာဖြစ်တဲ့အတွက် uab bank ရဲ့ ၂၀၂၅ ပြက္ခဒိန်ဟာ အကောင်းဆုံးပြက္ခဒိန်လေးတစ်ခုအဖြစ် ထွက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ လူသားဘဝမှာ အနုပညာက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ နေ့စဥ်ဘဝမှာ ပြက္ခဒိန်ကနေ တွေ့ရမယ့် ပန်းချီကားလေးတွေကနေတစ်ဆင့် ကျွန်မတို့ လူနေမှုဘဝတွေမှာ ခွန်အားတွေ ပေးစွမ်းသွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မြန်မာ့လက်မှုအတတ်ပညာ ပန်းဆယ်မျိုးပန်းချီကားအကြောင်အပါအဝင် ဖန်တီးရေးဆွဲသူ ကျောင်းသူကျောင်းသားများရဲ့ ကိုယ်ရေးအကျဥ်းနှင့် ဖန်တီးမှုရသများအား ပန်းချီကား တစ်ခုချင်းစီမှာ အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဇန်နဝါရီလ
တင့်တယ်တည်မြဲ - မြန်မာ့ပန်းပဲ
တကောင်းခေတ်ကနေစတင်ထွန်းကားခဲ့ပြီး ယနေ့အချိန်ထိ သမိုင်းအစဥ်အဆက် တည်မြဲခဲ့တဲ့ မြန်မာ့လက်မှုအတတ်ပညာ ပန်းပဲဆိုတာဟာ သံ၊ ကြေးနီစတဲ့ သတ္တုတွေကို အရည်ကျိုပုံသွင်းပြီး ပေါက်ပြား၊ တံစဉ်း၊ သံတူရွင်း အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ မြန်မာဘုရင်များ၊ စစ်သည်တော်များအတွက် လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပုံဖော်ပေးနေတဲ့ ဂုဏ်ယူဝံ့ကြွားစရာ မြန်မာ့လက်မှု အတတ်ပညာတစ်ခုပဲဖြစ်ပါတယ်။
မသဲမှုံမြင့်
မသဲမှုံမြင့်ဟာ လက်ရှိမှာ သူမ၏ ပန်းချီပညာရပ်အပေါ် ဆန်းသစ်ဖန်တီးနိုင်မှုစွမ်းရည်နှင့် ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ကာ ပန်းချီလက်ရာကောင်းများစွာကို ‌ရေးဆွဲလျက်ရှိတဲ့ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ် NUAC ကျောင်းသားအနုပညာပြပွဲများမှာလည်း ပါဝင်ရေးဆွဲခဲ့ပြီး အဓိပ္ပာယ်လေးနက်တဲ့ ပန်းချီလက်ရာများကို ဖန်တီးရေးဆွဲချင်တဲ့ သူမဟာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲမှာလည်း ပါဝင်ရေးဆွဲခဲ့ပါသေးတယ်။ သူမဟာ ပန်းချီအတတ်ပညာအပေါ် အသေးစိတ်ရှုမြင်တတ်မှု၊ တန်ဖိုးထား စိတ်အားထက်သန်မှုတို့နှင့်အတူ ကြည့်ရှုသူများ၏ ရင်ထဲရောက်မည့် ပန်းချီလက်ရာများကို ဆက်လက်ဖန်တီးသွားဦးမှာပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ
ဝင်းလက်ထိန်သာ - ပန်းထိမ်ပညာ
ချမ်းသာကြွယ်ဝမှု၊ ချစ်ခင်မြတ်နိုးမှုနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေကို ကိုယ်စားပြုတဲ့ အနုစိတ်လက်ရာ လက်ဝတ် အဆင်တန်ဆာတွေကို ရွှေ၊ ငွေကစလို့ အခြားသတ္တုတွေကို အရည်ကျိုကာ ကျွမ်းကျင်ပညာရှင်များက အနုစိတ် ပုံသွင်း ဖန်တီးကြတာကို ပန်းထိမ်ပညာလို့ခေါ်ပါတယ်။ ဒီလို ထူးခြားခမ်းနားပြီး အနုစိတ်တဲ့ မြန်မာ့ရိုးရာ ပန်းထိမ်လက်မှုအတတ်ပညာတွေကို ယနေ့ချိန်ထိ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်နေဆဲ ဖြစ်ပါတယ်။
မောင်ခွန်သိန်းသန်းစိုး
မောင်ခွန်သိန်းသန်းစိုးဟာ စာသင်ကာလတစ်လျှောက်လုံး ပန်းချီလက်ရာကောင်းများစွာကို ဖန်တီးရေးဆွဲနိုင်ခဲ့တဲ့ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ပန်းချီမေဂျာ (နောက်ဆုံးနှစ်) ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ၏ ထင်ရှားသည့် ပန်းချီလက်ရာတွေကတော့ ၃၀ နှစ်မြောက် NUAC အနုပညာပြပွဲနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြပွဲမှာ ရေးဆွဲခဲ့သည့် ပန်းချီလက်ရာတွေပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ ရန်ကုန်တွင် မွေးဖွားခဲ့တဲ့ ငယ်ရွယ်တဲ့ ပန်းချီကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် နည်းစနစ်အသစ်တွေ၊ ဆန်းသစ်တဲ့ အနုပညာအမြင်တွေနဲ့ ယဥ်ကျေးမှုအမွေနှစ်တွေကို သူ၏ ပန်းချီလက်ရာများဖြင့် လေးနက်စွာ ဖော်ပြနိုင်ခဲ့ပါတယ်။
မတ်လ
ကမ္ဘာမှာထည်ဝင်း - မြန်မာ့ပန်းတဥ်း
ယနေ့အချိန်ထိ ကမ္ဘာကျော် မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် သမိုင်းဝင်ထင်ကျန်နေတဲ့ မင်းကွန်းခေါင်းလောင်းကြီးဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ မြည်အောင်တီးနိုင်တဲ့ ခေါင်းလောင်းတွေအားလုံးထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အလေးချိန် ၈၇တန်လေးပြီး အမြင့် ၁၂ ပေ ၆လက်မ ရှိတဲ့ ခေါင်းလောင်းတစ်ခုကို ကြေးထည်သွန်းလုပ်ခြင်းအတတ်ပညာနဲ့ တည်ဆောက်နိုင်ခဲ့တာ တကယ့်ကို အံ့ဩဖွယ်ရာပါ။ ဒါဟာ မြန်မာ့ပန်းတဉ်းပညာပါပဲ ။
မောင်တေဇာကျော်
အနုပညာအပေါ် ခံစားသက်ဝင်မှုကို စုတ်ချက်တစ်ချက်စီတိုင်းမှာ တွေ့ရှိနိုင်မယ့် မောင်တေဇာကျော်ကတော့ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ပန်းချီမေဂျာ (ဒုတိယနှစ်) ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ သူ့ ရဲ့ ထင်ရှားတဲ့ ပန်းချီလက်ရာတွေကတော့ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တက္ကသိုလ် နှစ် ၃၀ ပြည့် အနုပညာပြပွဲ (၂၀၂၃)၊ The First Arrow Group ပြပွဲ (၂၀၂၄)၊ the Sunshine After Rain Collective (၂၀၂၄) တို့ပဲ ဖြစ်ပါတယ်။ မောင်တေဇာကျော်ဟာ သူ၏ပန်းချီလက်ရာတွေတိုင်းကို ကြည့်ရှုသူတိုင်း၏ ရင်ထဲစွဲထင်ကျန်နေစေဖို့ အကောင်းဆုံးလက်ရာတစ်ခုထွက်လာတဲ့အထိ မွန်းမံရေးဆွဲတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဧပြီလ
အနုစိတ်သေသပ် - ပန်းတော့အတတ်
မြန်မာတို့ရဲ့ ဂူ၊ ဘုရားများ အဝင်ပေါက် မုခ်တကဲ၊ တံခါးဝတွေမှာ တွေ့ရတတ်တဲ့ ပန်းခတ်ပန်းလက်နဲ့ ရုပ်လုံးရုပ်ကြွပုံသဏ္ဍာန်အမျိုးမျိုးဟာ အင်္ဂတေသရွတ်နဲ့ အနုစိတ် ဖန်တီး၊ ခြယ်သ၊ မွမ်းမံတန်ဆာ ပြုလုပ်ထားတဲ့ ပန်းတော့အတတ်ပညာပဲဖြစ်ပါတယ်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်တွေကတည်းက ရှေးဟောင်း ပန်းတော့အနုလက်ရာဒီဇိုင်းများ ပေါ်ပေါက်ထင်ရှားခဲ့ပြီး မြန်မာတို့ရဲ့ ကြွယ်ဝတဲ့ ယဥ်ကျေးမှု အနုပညာအမွေအနှစ်အဖြစ် ထင်ဟပ်လျက်ရှိပါတယ်။
မောင်နိုင်အောင်ငြိမ်းချမ်း
မောင်နိုင်အောင်ငြိမ်းချမ်းဟာ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုကို ခေတ်ပေါ်အနုပညာဖြင့် ပေါင်းစပ်ထားတဲ့ ပန်းချီလက်ရာများကို ဖန်တီးလေ့ရှိသူဖြစ်ပါတယ်။ သူ၏လက်ရာများကို “PWE: Reflection of Burmese Nat Spirits (၂၀၂၄)” နဲ့ The Goethe Institute တွင် ကျင်းပခဲ့တဲ့ “NET PWE (၂၀၂၃)” အပါအဝင် အခြားပြပွဲများတွင် ပြသခဲ့ပါတယ်။ သူ၏ ပန်းချီလက်ရာများကို ကြည့်ခြင်းအားဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုဖော်ပြနေတဲ့ ပန်းချီလက်ရာများဖန်တီးခြင်းတို့အပေါ်စိတ်အားထက်သန်မှုရှိခြင်းကို မြင်သာထင်ဟပ်စေပါတယ်။
မေလ
ခိုင်ခံ့ထည်ဝါ - ပန်းရန်ပညာ
ပျူခေတ်မတိုင်မီကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့ ပန်းရန်အတတ်ပညာဟာ အဆောက်အဦးတွေ တည်ဆောက်ရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ အုတ်တွေကို အင်္ဂတေနဲ့ တွဲကပ်စေတဲ့ အတတ်ပညာဖြစ်ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ပုဂံခေတ်ဘုရားပုထိုးတွေ ကအစ ဗြိတိသျှခေတ်အဆောက်အအုံတွေနဲ့ ယနေ့‌ခေတ်အအောက်အဦးထိတိုင် မြန်မာတို့ရဲ့ လက်ရာမြောက်တဲ့ ပန်းရန် လက်မှုအတတ်ပညာကို တွေ့မြင်ရမှာဖြစ်ပြီး ယနေ့ထိတိုင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေအဖြစ် ကိုယ်စားပြုလျက်ရှိနေပါတယ်။
မောင်အောင်ချမ်းသာ
၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ မှာ မွေးဖွားခဲ့တဲ့ မောင်အောင်ချမ်းသာ က ယခုအခါ ရန်ကုန်မြို့ရှိ အမျိုးသားအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် (NUAC) တွင် ပန်းချီပညာရပ်ကို စိတ်ဝင်စားစွာ လေ့လာသင်ယူနေသော ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့သူဟာ ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့တဲ့ တက္ကသိုလ် နှစ် ၃၀ ပြည့် အနုပညာပြပွဲမှာလည်း သူ၏လက်ရာများကို ပြသခဲ့ပါတယ်။ မောင်အောင်ချမ်းသာဟာ ပန်းချီရေးဆွဲနည်းအသစ်များကို ရှာဖွေလေ့လာဖို့ဝါသနာပါသူဖြစ်ပြီး ပတ်ဝန်းကျင်မှ အကြောင်းအရာများကို အခြေခံကာ အနုပညာလက်ရာများကို ဖန်တီးကွန့်မြူးနိုင်သူဖြစ်ပါတယ်။
ဇွန်လ
တန်ဖိုးထားစုဆောင်း - ပန်းပုထောင်သောင်း
သစ်သား၊ ကျောက်သား၊ သတ္တုသား၊ တိရစ္ဆာန်အရိုး၊ အစွယ်၊ ရွှံ့စေး၊ ဖယောင်းစတာတွေကို ထွင်းထုပုံဖော်ကာ ပန်းကြွများ၊ ရုပ်လုံးရုပ်ကြွများ ပြုလုပ်ဖန်တီးတဲ့ အတတ်ပညာကတော့ ပန်းပုပညာပဲဖြစ်ပါတယ်။ ဒီ သမိုင်းဝင် ပန်းပုလက်ရာတွေက မြန်မာနိုင်ငံရဲ့ သဘာဝအလှတရား၊ သယံဇာတပစ္စည်းကြွယ်ဝမှုနဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့တိုင် ကမ္ဘာတစ်ဝန်းလုံးက တန်ဖိုးထားစုဆောင်းသူတွေဟာ ရှေးဟောင်း မြန်မာ့ပန်းပု ရုပ်လုံးတွေကို လိုက်လံရှာဖွေဝယ်ယူ အမြတ်တနိုးစုဆောင်းနေဆဲဖြစ်ပါတယ်။
မောင်ရှင်းခန့်လူ
NUAC ရန်ကုန်မှ ဒုတိယနှစ်ကျောင်းသား မောင်ရှင်းခန့်လူ ဟာ မြန်မာ့ရိုးရာယဥ်ကျေးမှုနဲ့ ဆန်းသစ်တီထွင်မှုကို ပေါင်းစပ်ရန် စိတ်အားထက်သန်သော ပန်းချီအနုပညာ ကျောင်းသားတစ်ဦးပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် မေလ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ မြ မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကျင်းပသည့် NUAC အနုပညာပြပွဲ၏ ၃၀ နှစ်မြောက် အထိမ်းအမှတ်ပြပွဲတွင် ပါဝင်ခဲ့သည့် အပြင် အမျိုးသားဆိုင်ရာ ဆုတံဆိပ်များဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။ သူ၏ အနုပညာလက်ရာများသည် ဖန်တီးမှုစွမ်းရည်ကို ထက်မြက်စွာ ဖော်ပြနိုင်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပေးစွမ်းနိုင်ခဲ့သည်။
ဇူလိုင်လ
သုခုမဦးမော့ - မြန်မာ့ပန်းတမော့
သဲကျောက်နဲ့ စကျင်ကျောက်များကို အသုံးပြုပြီး အရုပ်သဏ္ဍာန်တွေ ပေါ်လွင်အောင် အသေးစိတ်ထုလုပ်ပုံဖော်တဲ့ အတတ်ပညာကတော့ ပန်းတမော့ပညာပဲ ဖြစ်ပါတယ်။ မြစေတီမှာ ရေးထိုးထားတဲ့ သမိုင်းဝင် ရာဇကုမာရ် ကျောက်စာက ပုဂံခေတ်မှာကတည်းက ပန်းတမော့ လက်မှုအတတ် ထွန်းကားခဲ့ကြောင်းကို ပြသနေသလို ယဥ်ကျေးမှုအမွေအနှစ်တွေကို အမြတ်တနိုးတန်ဖိုးထားတဲ့ လက်မှုအတတ်ပညာရှင်တွေရဲ့ အားစိုက်ထုတ်မှုကိုလည်း ထင်ဟပ်စေပါတယ်။
မဖူးပွင့်သိဂီ
မဖူးပွင့်သိင်္ဂဟာ သူမ၏ စိတ်ကူးများကို ပန်းချီလက်ရာများအဖြစ် အသက်သွင်းပုံဖော်ရသည်ကို စိတ်အားထက်သန်သူတစ်ဦးဖြစ်ပါတယ်။ သူမ၏ ထင်ရှားသည့် ပန်းချီအနုပညာခရီးလမ်းများကတော့ ရန်ကုန် အမျိုးသား ယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် နှစ် ၃၀ ပြည့် အနုပညာပြပွဲ (၂၀၂၃)၊ ၂၀၂၃ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သည့် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပန်းချီပြပွဲတို့ပဲ ဖြစ်ပါတယ်။ သူမဟာ ပန်းချီအနုပညာကနေတစ်ဆင့် နေ့စဥ်ဘဝမှာ တွေ့ရှိနိုင်တဲ့ အလှတရားများကို ဖော်ပြဖို့ ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ဩဂုတ်လ
ချောမွေ့ မွတ်ထွတ် - မြန်မာ့ပန်းပွတ်
ပွတ်ခုံပေါ်မှာ သစ်သားအကြမ်းထည်တွေကို ချောမွတ်တောက်ပြောင်အောင်ပြုလုပ်ရတဲ့ ပန်းပွတ်ပညာက မြန်မာနိုင်ငံရဲ့ ခက်ခဲပြီး အနုစိတ်တဲ့ လက်မှုအတတ်ပညာတွေထဲကတစ်ခုပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ပန်းပွတ်ပညာရှင်တွေက ဘုရားကျောင်းနဲ့ ရှေးခေတ်နေအိမ် အဆောက်အအုံတွေမှာ တွေ့ရတတ်တဲ့ သစ်သားပွတ်လုံးတွေ၊ သစ်သားအသုံးအဆောင်ပစ္စည်း အကြမ်းထည်တွေကို အချောသတ်ပုံဖော်လာခဲ့ကြတာဖြစ်ပါတယ်။ လက်ရာတစ်ခုချင်းစီက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ လူသားတွေနဲ့ သဘာဝတရားတို့ကြား သဟဇာတဖြစ်မှုကို ထင်ဟပ်စေပါတယ်။
မခိုင်ဆုရည်
မခိုင်ဆုရည်ဟာ ရန်ကုန်၊ အမျိုးသားအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် (NUAC) မှာ ဒုတိယနှစ် ပန်းချီပညာရပ်ကို တက်ရောက်လျက်ရှိပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ပန်းချီပြိုင်ပွဲများတွင် သိသာထင်ရှားသော အသိအမှတ်ပြုမှုများ ရရှိခဲ့သည်။ သူမရဲ့အောင်မြင်မှုတွေကတော့ Mitsubishi ပန်းချီပြိုင်ပွဲ (၂၀၁၇–၂၀၁၈) နှင့် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ (၂၀၁၉–၂၀၂၀) တို့တွင် ပထမဆုရရှိခြင်းတို့ ပဲဖြစ်ပါတယ်။ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ပန်းချီနှင့် အမျိုးသားအထိမ်းအမှတ်ပွဲများကဲ့သို့သော ကဏ္ဍမျိုးစုံတွင် ဆုတံဆိပ်များ ရရှိထားတဲ့ သူမရဲ့ အနုပညာစွမ်းရည်ကိုတော့ များစွာသော ပလက်ဖောင်းများတွင် ထင်ရှားစွာ ပေါ်လွင်ခဲ့သည်။
စက်တင်ဘာလ
အဆင့်အတန်းမြင့်မား - မြန်မာ့ပန်းချီများ
ဗုဒ္ဓဝင်ဆိုင်ရာနဲ့ မြန်မာ့ရိုးရာယဥ်ကျေးမှုဆိုင်ရာ ဇာတ်ကြောင်းတွေကို ဘုရားကျောင်းနံရံတွေပေါ်မှာ ပုံပြင်ဆန်ဆန် သရုပ်ဖော်ရေးဆွဲထားတဲ့ ရုပ်ပြပန်းချီတွေက ကမ္ဘ့ာပန်းချီလောကမှာ ထင်ရှားပါတယ်။ ရှေးခေတ်ပန်းချီအတတ်ပညာရှင်တွေက အနုစိတ်ရေးဆွဲခဲ့တဲ့ လက်ရာတွေဖြစ်တာကြောင့် ပန်းချီမှာထည့်သွင်းပုံဖော်ထားတဲ့ လူတွေရဲ့ စိတ်ခံစားချက်နဲ့ ဘဝအတွေ့အကြုံတွေကိုပါ ကြည့်ရှုရသူတွေအတွက် ခံစားမြင်သာစေသလို နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အဖိုးတန် ပေါင်းကူးတံတားတစ်ခုလည်းဖြစ်ပါတယ်။ ရိုးရာပန်းချီကနေ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခေတ်ပြိုင် ပန်းချီလက်ရာတွေအထိ မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်တွေကို ထုတ်ဖော်ရေးဆွဲနေဆဲဖြစ်ပါတယ်။
မဖြိုးပြည့်ပြည့်လင်း

မဖြိုးပြည့်ပြည့်လင်းဟာ ရန်ကုန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) မှာ ပညာသင်ကြားလျက်ရှိပြီး ပန်းချီပြပွဲများစွာမှာ ဂုဏ်ပြုအသိအမှတ်ဆုများစွာရရှိခဲ့တဲ့ တက်သစ်စ ပန်းချီပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်၊ ဧပြီလ ၂၆ရက်၊ ရန်ကုန်မြို့မှာမွေးဖွားခဲ့တဲ့သူမဟာ ငယ်ရွယ်သော်လည်း ရေးဆွဲခဲ့သော ပန်းချီလက်ရာများကို ကြည့်ခြင်းအားဖြင့် သူမ၏ ပန်းချီအနုပညာအပေါ် ရင့်ကျက်စွာ တွေးခေါ်ရေးဆွဲနိုင်စွမ်းကို ဖော်ပြပေးနေပါတယ်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး NUAC (၃၀) နှစ်ပြည့်အထိမ်းအမှတ် အနုပညာပြပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းက သူမ၏ အောင်မြင်မှုမှတ်တိုင်များဖြစ်ပါတယ်။ Art and Sculpture Association မှာ သူမ၏ ပန်းချီလက်ရာ (၅) မျိုးကိုပြသနိုင်ခဲ့ခြင်း၊ Waterlily Art Gallery ၏ အဖွဲ့လိုက်ပြပွဲမှာပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲမှာ ယှဥ်ပြိုင်ခဲ့ခြင်းတို့ဖြင့် သူမဟာ ပန်းချီအနုပညာလောကထဲကို ထဲထဲဝင်ဝင်စတင်ဝင်ရောက်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။

အောက်တိုဘာလ
လှပတင့်တယ် - ပန်းယွန်းသွယ်သွယ်

ပန်းယွန်းပညာနဲ့ အနုစိတ် ပုံဖော်ပြုလုပ်ရတဲ့ လူသုံးကုန်နဲ့ အလှဆင် ယွန်းထည်ပစ္စည်းတွေက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ပေါ် ပေါက်လာခဲ့တာဖြစ်သလို ယနေ့ခေတ်မှာလည်း ပုဂံယွန်းထည်လုပ်ငန်းက ထင်ရှားကျော်ကြားနေဆဲဖြစ်ပါတယ်။ ရွှေချရုပ်ကြွ၊ ပန်းကြွကလေးများဖြင့် မွမ်းမံပြုလုပ်ထားတဲ့ ယွန်းထည်ပစ္စည်းလက်ရာတွေက မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်တွေကို ယနေ့ထိတိုင် ဆက်လက်ထိန်းသိမ်းနေဆဲဆိုတာ ပေါ်လွင်စေပါတယ်။

မောင်ထက်စည်သူ

မောင်ထက်စည်သူဟာ အမျိုးသားအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ်၊ရန်ကုန် (NUAC) တွင် ပန်းချီပညာရပ်ကို ဒုတိယနှစ်တက်ရောက်လျက်ရှိတဲ့ ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်၊ NUAC ရဲ့ နှစ် ၃၀ မြောက်နှစ်ပတ်လည်အနုပညာပြပွဲတွင် ပါဝင်ခဲ့ပြီး ရိုးရာနှင့်ခေတ်ပေါ်အနုပညာစတိုင်များကို ပေါင်းစပ်ရာတွင် ထက်မြက်သောမျက်စိရှိကြောင်း ပြသခဲ့သည်။ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ၌ မွေးဖွားခဲ့ပြီး စိတ်အားထက်သန်မှုနှင့် ယဉ်ကျေးမှုဂုဏ်ယူမှုတို့ကို ရောစပ်ကာ စီမံကိန်းတစ်ခုစီကို ချဉ်းကပ်လေ့ရှိသည်။

နိုဝင်ဘာလ
ရှေ့သို့ဆက်လှမ်း - မြန်မာ့ရက်ကန်း
လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက မြန်မာအိမ်တိုင်းလိုလိုမှာ ဝါ(ဂွမ်း)ပင်၊ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုးကြပြီး အိမ်ရှင်မတွေက ဝါကြိတ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ဆေးရောင်စုံဆိုးခြင်း၊ ရက်ကန်းရက်ခြင်းစတဲ့ အိမ်တွင်းလုပ်ငန်းတွေကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်လေ့ရှိကြပါတယ်။ မြန်မာ့ ရက်ကန်းပညာရှင်တွေက ရိုးရာလက်ရက်ကန်းလုပ်ငန်း မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းလုပ်ကိုင်လျက်ရှိပြီး အင်းသားတို့ရဲ့ လက်ရာထူးခြားကောင်းမွန်တဲ့ ကြာရက်ကန်းထည်တွေကလည်း ယနေ့ထိတိုင် နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နေဆဲဖြစ်ပါတယ်။
မောင်လွင်ဟိန်းထက်
မောင်လွင်ဟိန်းထက်ဟာ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) တွင် ပန်းချီပညာရပ်ကို သင်ကြားနေဆဲဖြစ်တဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ကျင်းပခဲ့သည့် NUAC ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အနုပညာပြပွဲကဲ့သို့သော ဂုဏ်ပြုပွဲများတွင် ပါဝင်ခဲ့ပြီး သူ၏ အနုပညာလက်ရာများကို ပြသခဲ့ပြီး ပန်းချီပညာကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုက်စားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၌ မွေးဖွားခဲ့ပြီး သူ့ရဲ့ ထူးခြားဆန်းသစ်တဲ့ အနုပညာအမြင်ကို ပန်းချီလက်ရာများအဖြစ် ပြောင်းလဲဖော်ပြချင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ
တန်ဖိုးရယ်တိုး - ရွှေချည်ထိုး
ရွှေချည်ထိုးလက်မှုအတတ်ပညာက အထည်အလိပ်များပေါ်တွင် ရွှေချည်၊ ငွေချည်တွေနဲ့ ခမ်းနားထည်ဝါစွာ အနုစိတ်ချည်ထိုးပုံဖော်ရတဲ့ မြန်မာ့ရိုးရာလက်မှုအတတ်ပညာတစ်ခုပဲ ဖြစ်ပါတယ်။ အလောင်းမင်းတရားခေတ်ကတည်းကပင် စတင်ပေါ်ပေါက်လာခဲ့ပြီး မင်းမျိုးမင်းနွယ်တွေအတွက် ခမ်းနားထည်ဝါလှပတဲ့ အဝတ်အထည်တွေ ဖန်တီးရာမှာ အသုံးပြုလာခဲ့တာဖြစ်လို့ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုတိုင်းတာနိုင်တဲ့ လက်မှုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်ရွှေချည်ထိုးပညာရှင်တွေက ရွှေချည်ထိုးလက်မှုအတတ်ပညာမှတစ်ဆင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ပုံဖော်ပြသလျက်ရှိပါတယ်။
မသီရိ
မသီရိဟာ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (NUAC) တွင် ပန်းချီမေဂျာကို ဒုတိယနှစ်တက်ရောက်နေတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ပန်းချီအနုပညာကို စိတ်ပါဝင်စားသောကြောင့် ၃ နှစ်ကြာ ကိုယ်တိုင် လေ့လာအပြီး ၂၀၂၂ ခုနှစ်တွင် ဆရာဦးသိန်းဝင်း လက်အောက်တွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ ထို့နောက် NUAC သို့ ဝင်ရောက်ခွင့်ရပြီး ပန်းချီပညာကို ဆက်လက်လေ့လာခဲ့ပါတယ်။ NUAC ၏ ၃၀ နှစ်မြောက် အထိမ်းအမှတ် အနုပညာပြပွဲနှင့် True Image စီးရီးကဲ့သို့သော ပြပွဲများတွင် သူမ၏ ပန်းချီလက်ရာများကို တက်ကြွစွာ ပါဝင်ပြသခဲ့သလို Doodle Earth Studio ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်လည်း အနုပညာပြပွဲများ စီစဥ်ကျင်းပမှုများမှာ ပါဝင်ကူညီခဲ့ပါသေးတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပန်းချီအနုပညာနှင့် ပတ်သက်ပြီး သူမ၏ စိတ်ပါဝင်စားမှုနှင့် စိတ်အားထက်သန်မှုကို သိသာပေါ်လွင်စေပါတယ်။