Rebuild Myanmar: Mandalay Quake Relief
Latest Updates >

မသမာမှုပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ငွေစာရင်းဖွင့်လှစ်ခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိနိုင်ပါရန် အသိပညာပေး ဖြန့်ဝေခြင်း။

ဖြစ်စဉ်အကျဉ်းချုပ်
ချစ်မျိုးဦး ၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက်တို့သည် နိုင်ငံသားစိစစ်ရေးကတ် အမှတ်များအား ပြင်ဆင်၍ ဘဏ်တစ်ခု၌ ဘဏ်စာရင်းများဖွင့်လှစ်ပြီး ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းများကိုအသုံးပြု၍ ငွေကြေးလွှဲ ပြောင်းမှုများ ဆောင်ရွက်ခဲ့သည်ကိုစိစစ်တွေ့ရှိရသဖြင့် အဆိုပါဘဏ်မှ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်အဖြစ် ပေးပို့ခဲ့ပါသည်။
ချစ်မျိုးဦး နှင့် သက်နိုင်စိုးတို့သည် နိုင်ငံသားစိစစ်ရေးကတ်အမှတ်များအား ပြင်ဆင်၍ ဘဏ်တစ်ခု၌ ထွန်းသက်ဝေအမည်ဖြင့် အောက်ပါအတိုင်း ဘဏ်စာရင်း (၃) ခု ဖွင့်လှစ်ခဲ့ပါသည်။

စဉ်

ပြင်ဆင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်

ပြင်ဆင်အသုံးပြုထားသည့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်၏ ပိုင်ရှင်အမည်မှန်

၁။

၈/ရစက(နိုင်)XXXXXX 

ချမ်းပြည့်ကျော် (ဘ) ဦးXXX

၂။

၈/ရစက(နိုင်)XXXXXX 

ဟိန်းမင်းခန့်     (ဘ) ဦးXXX

၃။

၈/ရစက(နိုင်)XXXXXX 

မိုးမိုးကျော်       (ဘ) ဦးXXX

စွမ်းရည်ထက်သည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အမှန် ၁၂/သဃက (နိုင်) XXXXXX ဖြင့် အထက် ပါ ဘဏ်တွင် စာရင်း (၁)ခု ၊ ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရှိ နံပါတ်(၁)အား နံပါတ်(၃)ဟု ပြင်ဆင်၍ ၁၂/သဃက (နိုင်) XXXXXX ဖြင့် အထက်ပါဘဏ်တွင် စာရင်း (၁) ခု ဖွင့်လှစ်ခဲ့ပြီး ပြင်ဆင်၍ အသုံးပြုခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်သည် သင်္ဃန်းကျွန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးထားသည့် အမြင့်ဆုံး နံပါတ်ထက် ကျော်လွန်နေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှုအန္တရာယ်များ အား အများပြည်သူ သတိပြုနိုင်ပါရန် အသိပညာပေး ဖြန့်ဝေအပ်ပါသည်။

နိုင်ငံသား စိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်များနှင့် ပတ်သက်၍ အောက်ပါ အချက်များအား သတိပြုပါရန်
နိုင်ငံသားစိစစ်ရေးကတ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်လေ့ရှိသည့်အချက်များ
  • နိုင်ငံသားစိစစ်‌ရေးကတ်အတုများဖြင့် ငွေစာရင်း(Account)များ၊E-walletများ ဖွင့်လှစ်ခြင်း၊
  • အခကြေးငွေပေး၍ နိုင်ငံသားစိစစ်ရေးကတ်ငှားရမ်းပြီး ငွေစာရင်း (Account)များဖွင့်လှစ်ခြင်း၊
  • သေဆုံးပြီးသူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များအား အသုံးပြု၍ စာရင်းဖွင့်လှစ်ခြင်း။
  • ပျောက်ဆုံးသော နိုင်ငံသားစိစစ်ရေးကတ်များကို အသုံးပြု၍ ဒုစရိုက်လုပ်ငန်းများတွင် အသုံးချခြင်း။ 
နိုင်ငံသားစိစစ်ရေးကတ်အတု ဆိုတာ ဘာလဲ?
တရားမဝင်သော လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် တုပထားခြင်း ဖြစ်ပါသည်။
ဒုစရိုက်သမားများက နိုင်ငံသားစိစစ်ရေးကတ်အတုအား မည်သည့် ရည်ရွယ်ချက်အတွက် ပြုလုပ်သလဲ?
  • ရာဇဝတ်မှုများ ကျူးလွန်ရန်၊ (အထူးသဖြင့်Onlineလိမ်လည်မှု)
  • ဉပဒေအရအရေးယူခံရခြင်းမှ ရှောင်ရှားရန်အတွက် မိမိ၏ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ရန်၊
  • နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်ရောင်းချခြင်းဖြင့် ငွေကြေးအကျိုးအမြတ်များရရှိရန်၊
  • နိုင်ငံကူးလက်မှတ်(Passport)ပြုလုပ်ရာတွင် လိမ်လည်အသုံးချရန်၊
  • တရားမဝင် ဝင်ရောက်လာသူများအား နိုင်ငံတော်အတွင်း နိုင်ငံသားအဖြစ် ဖုံးကွယ်ထားရန်။ 
နိုင်ငံသားစိစစ်ရေးကတ်အတုအား ဒုစရိုက်သမားများက မည်သို့အသုံးချသလဲ?
  • ငွေစာရင်း(Account)များ၊ E-Walletများ<(ဥပမာ- K-pay, Wave Pay<စသည်ဖြင့်) ဖွင့်လှစ်၍ ပြစ်မှု ကျူးလွန်ရာမှ<ရရှိသည့်<ငွေကြေးများ<လွှဲပြောင်းခြင်း၊<
  • SIM card မှတ်ပုံတင်ရာတွင် အသုံးပြု၍ မိမိ၏ကိုယ်ရေးအချက်အလက်များ ဖုံးကွယ်ခြင်း၊
  • နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း(Account)များကို အသုံးပြု၍ လျှို့ဝှက်ငွေကြေး (Crypto Currency)များ ဝယ်ယူခြင်း၊
နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များ ပေါက်ကြားနိုင်သည့်နည်းလမ်းများ
  • ဆိုရှယ်မီဒီယာပေါ်တွင်နိုင်ငံသားစိစစ်ရေးကတ်ဓါတ်ပုံများမျှဝေမိခြင်း၊
  • အတုအယောင်အက်ပလီကေးရှင်းများ/ဝက်ဘ်ဆိုက်များတွင်နိုင်ငံသားစိစစ်ရေးကတ်နှင့်ကိုယ်ရေးအချက်အလက်များထည့်သွင်းမိခြင်း၊
  • အတုအယောင်ဘဏ်၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကနိုင်ငံသားစိစစ်ရေးကတ်နှင့်  ကိုယ်ရေးအချက်အလက်များတောင်းခံမှုကြောင့်ပေးအပ်မိခြင်း၊
  • အများသုံးဝိုင်ဖိုင်များ(PublicWi-Fi)ကိုအသုံးပြုစဥ်Phishing Website များမှတစ်ဆင့် နိုင်ငံသား စိစစ်ရေးကတ်နှင့်ကိုယ်ရေးအချက်အလက်များခိုးယူခံရခြင်း။
  • အတုအယောင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတွင် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူကို ပေးအပ်၍ အလုပ်လျှောက်ထားမိခြင်း။
  • နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးခြင်းမှ အချက်အလက်များ ကူးယူခံရခြင်း။
နိုင်ငံသားစိစစ်ရေးကတ်ကို တလွဲအသုံးချခံရခြင်းမှ ကာကွယ်သည့်နည်းလမ်းများ 
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါးအခြားသူတစ်ဦး တစ်ယောက်ထံ မပေးပါနှင့်၊ 
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြု ပါနှင့်၊
  • နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်လက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်းမပြုပါနှင့်။ 
နိုင်ငံသားစိစစ်‌ရေးကတ်အတုနှင့်စပ်လျဉ်း၍ မည်သည့်ဉပဒေများဖြင့် အရေးယူခံရနိုင်သလဲ? 
  • ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဉပဒေ၊ ပုဒ်မ ၂၁ အရ နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင်ဖြစ်စေ၊ ပြုလုပ်ရန် အားပေးကူညီလျှင်ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ် နှင့် ငွေဒဏ်ကျခံနိုင်ပါသည်၊
  • ရာဇသတ်ကြီး၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၆၈၊ ပုဒ်မ ၄၇၁ အရ စာတမ်းအမှတ်အသားကို လိမ်လည်အတုပြု လုပ်လျှင် ခုနှစ်နှစ်ထိ ထောင်ဒဏ် ကျခံနိုင်ပါသည်။ 
အများပြည်သူအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား လုံခြုံစွာထိန်းသိမ်းရန်နှင့် မိမိ၏ နိုင်ငံသားစိစစ် ရေးကတ်အား အခြားသူများမှ နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေသည်ကို သံသယဖြစ်ပါက နစ်နာသူ ကိုယ်တိုင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များအစည်းများထံသို့ ဆက်သွယ်၍ အမှုဖွင့်တိုင်ကြားရန် အသိပေးဖြန့်ဝေ အပ်ပါသည်။